စာမေးပွဲအတွက်ပြင်ဆင်ချိန်မှာ မမေ့သင့်တဲ့ အချက် ၁၀ ချက်

စာမေးပွဲ ဖြေဆိုခါနီးအချိန်တွေမှာ ကျောင်းသားကျောင်းသူတွေ အနေနဲ့ စာတွေကျက်မှတ်တာက အဓိကဆိုပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ စာမေးပွဲကို နောက်မကျဖို့ ကိုယ်စာကြည့်တဲ့ စားပွဲပေါ်မှာ ကိုယ့်အတွက် လိုအပ်တဲ့ စာအုပ်နဲ့ စာရေးကိရိယာတွေပဲ ထားထားဖို့စတဲ့ အရာတွေလည်းပါပါတယ်။ ခုဖော်ပြထားတဲ့ အချက်တွေကတော့ စာမေးပွဲအတွက် ပြင်ဆင်ချိန်မှာ မမေ့သင့်တဲ့ အချက် ၁၀ ချက်မို့ ကျောင်းသားကျောင်းသူလေးတွေအတွက် အထောက်အကူလည်း ဖြစ်မယ်လို့ မျှော်လင့်ပါတယ် . . .

သင့်စာကြည့်စားပွဲကို နေရာသေချာချပါ
ကိုယ်ကြည့်မယ့် မှတ်စုတွေ ဖတ်စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်တွေ နေရာချဖို့အတွက် လုံလောက်တဲ့စားပွဲဖြစ်ရပါမယ်။ အလင်းရောင် ကောင်းစွာရဖို့လည်း လိုအပ်ပါတယ်။ စာကြည့်တဲ့အခါမှာ ကိုယ်ထိုင်တဲ့ခုံနဲ့ စာကြည့်စားပွဲဟာ ကိုယ့်အတွက် သက်တောင့်သက်သာ ဖြစ်နေရပါမယ်။ ကိုယ် ဂိမ်းဆော့တဲ့အခါသုံးတဲ့ PC တို့ Phone တို့ကို ကိုယ်မြင်ရတဲ့နေရာမှာမထားပါနဲ့ ဖြစ်နိုင်ရင် ဝေးဝေးကို ပို့ထားပါ။

စာကြည့်တိုင်း Notes အမြဲထုတ်ဖို့ မမေ့ပါနဲ့
သင်ပြီးသားတွေကို လေ့ကျင့်ခန်း ပြန်လုပ်တဲ့အခါမှာ Chapter Semester တစ်ခုစီက အရေးကြီးတဲ့ အချက်အလက်တွေ (Notes တွေ)ကို အရင်ဆုံး ဆွဲထုတ်ထားဖို့ အရေးကြီးပါတယ်။ ကိုယ်က ခေါင်းစဉ်တစ်ခုကို စာပြန်နွှေးမယ်ဆိုရင် ကိုယ့်ကိုယ့်ကို ဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိ မှတ်မိသလဲ မေးပါ။ မှတ်မိသလောက် ချရေးပါ။ ကိုယ်မေ့နေတဲ့ အကြောင်းအရာတွေကို ပြန်စစ်ပြီး Highlight တားထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် စာမေးပွဲ နီးလာတာနဲ့အမျှ ကိုယ် စာပြန်နွှေးခဲ့စဉ်က မေ့နေခဲ့တဲ့ အကြောင်းအရာတွေကို ပိုသတိထားပြီး ကြည့်ဖြစ်စေပါတယ်။

မေးခွန်းဟောင်းတွေ  ဖြေကြည့်ခြင်း
မေးခွန်းဟောင်းတွေကို တကယ့်စာမေးပွဲမှာ ဖြေတဲ့အတိုင်း ဖြေကြည့်တာဟာ တကယ်ကို အကျိုးရှိတဲ့ စာလေ့လာနည်းပါပဲ။ ဒီလိုဖြေကြည့်ခြင်းအားဖြင့် မေးခွန်းပုံစံတွေအပြင် စာမေးပွဲမှာ ကြုံရတတ်တဲ့ အချိန်မလောက်ငှတဲ့ အခက်အခဲကအစ အကုန်လုံး လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။

မိသားစုဝင်တွေကို စစ်ကူခေါ်ဖို့တွေးကြည့်ပါ
မိဘတွေ ဒါမှမဟုတ် ညီလေး ညီမလေးတွေ အစ်ကိုတွေ အစ်မတွေ စသဖြင့် ကိုယ်စာလုပ်နေချိန်မှာ ဆူဆူညံညံ လုပ်တတ်တဲ့သူများ ရှိတယ်ဆိုရင် ကိုယ့်ကို ကူညီဖို့ အကူအညီတောင်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကျက်စာတွေ ပြန်ဆိုရတဲ့ နေရာမှာ သူတို့ကို သုံးနိုင်ပြီးတော့ တချိန်ထဲမှာပဲ သူတို့တွေ ကိုယ်စာကျက်တဲ့အချိန်မှာ ဆူဆူညံညံ မလုပ်တော့တဲ့အပြင် နောက်ဆို သူတို့ရှိနေကြောင်း ကိုယ်သတိထားမိမှာစိုးပြီး ဆူဆူညံညံတောင် အသံပေးရဲတော့မယ် မထင်ပါဘူး။

သူငယ်ချင်း အစုအဖွဲ့ဖွဲ့ပြီး စာအတူကြည့်ကြပါ
သူငယ်ချင်းတွေနဲ့ စာအတူကြည့်တာမျိုး လုပ်ပါ။ သူတို့မှာလည်း စာသင်တုန်းက ဆရာကို မေးစရာရှိပြီး မမေးလိုက်ရတဲ့ မေးခွန်းတွေ ရှိနိုင်သလို သင့်မှာလည်း ရှိနေနိုင်တာပဲ မဟုတ်လား။ အချင်းချင်း ပြန်မေး ပြန်ဖြေလုပ်တာဟာ ကိုယ်က ရှင်းပြန်တဲ့အချိန်မှာ ကိုယ်နားလည်ထားတဲ့ သင်ခန်းစာကို မမေ့မလျော့အောင် စာပြန်နွှေးပြီးသားဖြစ်သွားသလို ကိုယ်မသိသေးတာကို မေးရင်းနဲ့ ကိုယ်နဲ့ရွယ်တူအသက်အရွယ်ရှိတဲ့သူရဲ့ အတွေးအခေါ်မျိုးနဲ့ ပြန်ရှင်းပြတာကြောင့် ကိုယ်နားမလည်နိုင်တဲ့ စာတွေရှိခဲ့ရင်လည်း နားလည်သွားနိုင်ပါတယ်။

နားချိန်ပေးပါစာကြည့်တဲ့အခါမှာ စာကြည့်ချိန်များလေ ပိုကောင်းလေလို့ သင်ထင်ပါသလား။ ရိုးရိုးလေးတွေးကြည့်ပါ မာရသွန်အတွက် လေ့ကျင်တဲ့အခါမှာ တနေကုန် ၂၄နာရီလုံး ပြေးနေသင့်သလား။ ဒါနည်းလမ်းမှန်မှ မဟုတ်ပဲလေ။ ဒီလိုပါပဲ စာကြည့်တဲ့အခါမှာလည်း ဘယ်နှစ်နာရီကြာသွားရင် ခဏနားမယ်ဆိုတာ ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး အနားပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ကိုယ့်နားချိန်ကို ကိုယ်တိုင်သတ်မှတ်ပါ။

ဥပမာ သင်က မနက်ခင်းမှာ စာလေ့လာရတာ ပိုအဆင်ပြေရင် မနက်စောစောထ စာကြည့် ပြီးရင် နေ့လည် ထမင်းစားချိန်မှာ ခဏနား ညနေပိုင်းနဲ့ ညပိုင်းတွေမှာ နားလိုက်လုပ်တာမျိုး၊ သင် ညပိုင်းမှာမှ ပိုပြီး စာကြည့်ရတာ ခေါင်းထဲပိုရောက်တယ်ထင်ရင် မနက်ခင်းတွေမှာ အနားပေးပြီး ညနေပိုင်းလောက်ကစပြီး စာကြည့်တာမျိုးလုပ်သင့်ပါတယ်။

နားချိန်တွေမှာ အပြင်ထွက်ဆော့တာ လည်တာမျိုးလုပ်ဖို့ ဝန်မလေးပါနဲ့ စာချည်းတချိန်လုံး မလုပ်ဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ မှတ်ထားပါ နေရောင်ကရတဲ့ Vitamin D ဟာ ဦးနှောက်ကို ကျန်းမာဖွံ့ဖြိုးစေပါတယ်။

ဥာဏ်ရည်ဖွံ့ဖြိုးစေမယ့် အစားအစာမျိုးစားပေးပါ
စာကျက်တယ်ဆိုတာ တခြားအလုပ်တွေနည်းတူ Energy လိုအပ်တာပါပဲ အဲ့ဒီ့ Energy ကို ဖြည့်တဲ့အခါမှာ အသင့်စားမုန့်တွေလို ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို ရှောင်ဖို့လဲ လိုအပ်ပါသေးတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေမယ့် အစားအစာတွေ စားခြင်းက ကျန်းမာရေးနဲ့ ညီသလို စာလေ့လာစဉ်မှာလည်း အာရုံစူးစိုက်နိုင်စွမ်း ပိုရှိစေပါတယ်။ ယျေဘူရအားဖြင့် ငါး၊ အစေ့အဆန်၊ ဒိန်ချဉ် နဲ့ ဘယ်ရီသီး တွေဟာ ကျောင်းသူကျောင်းသားတွေအတွက် သင့်တော်တဲ့ စားစရာတွေပါ။ စာမေးပွဲ မဖြေခင် ၁နာရီခန့်မှာ သင့်တော်တဲ့ အစားအစာကို တော်သင့်ရုံပမာဏမျှ စားသုံးခဲ့ရင် စာမေးပွဲဖြေစဉ်မှာ အထောက်အကူဖြစ်စေပါတယ်။

စာမေးပွဲနေ့အတွက် ကြိုတင်ပြင်ဆင်ထားပါ
စာမေးပွဲ မတိုင်ခင် တစ်ရက်ကြိုပြီး စာမေးပွဲကို ဘာတွေ ယူသွားမယ်ဆိုတာ ကြိုပြီး ပြင်ဆင်ထားရပါမယ်။ ကိုယ်ယူသွားရမယ့်အရာတွေကို ကိုယ်တိုင်သာ အသိဆုံးမို့ ကိုယ်တိုင်စစ်ဆေးပါ။ စာရေးကိရိယာတွေနဲ့ စာအုပ်တွေကို သေချာစစ်ဆေးပါ။ စာမေးပွဲဆီ သွားတဲ့အခါမှာ စာမေးပွဲနှင့် ကိုယ်နေတဲ့အိမ် အကွာအဝေးက မနီးခဲ့ဖူးဆိုရင် ဘယ်နှစ်နာရီ အိမ်ကစောထွက်မယ်ဆိုတာကအစ သေချာ စီစဉ်ထားပါ (ရန်ကုန်မြို့ကြီး ကားပိတ်လွန်းတာ သင်အသိဆုံးမို့ အချိန်ပိုစောပြီး ထွက်ဖို့ မမေ့ပါနှင့်)။ ပြီးတော့ စောစောသွားတတ်တဲ့ အိမ်နီးချင်း သူငယ်ချင်းတွေနဲ့ အတူသွားတာမျိုးကလည်း စာမေးပွဲကို နောက်မကျစေပါဘူး။

ရေများများသောက်ပါ
နောက်ဆုံး အကြံပေးချင်တာကတော့ ခန္ဓာကိုယ်ကို ရေဓာတ်များများ ဖြည့်ပေးတာဟာ ဦးနှောက် အလုပ်လုပ်တဲ့နေရာမှာ အများကြီး အထောက်အကူပြုစေပါတယ်။ ဒါ့ကြောင့် စာမေးပွဲနေ့မှာရော စာလေ့လာနဲ့အခါမှာပါ ရေများများသောက်ပေးဖို့ အကြံပေးချင်ပါတယ်။

ကျောင်းသူကျောင်းသားများ အားလုံး ထူးချွန်ထက်မြတ်ပြီး မိဘကျေးဇူး ဆပ်နိုင်တဲ့သူလေးတွေ ဖြစ်ကြပါစေလို့ BFI မိသားစုမှ ဆုတောင်းပေးပါရစေ။